Zawgyi နဲ့ Unocode ဘာကွာလဲ

Computer နဲ့ မြန်မာစာ (၁)
Credit— ထွန်း​အောင်​​ကျော်

Computer နဲ့ မြန်မာစာ လို့ ခေါင်းစဉ်တပ်လိုက်ရပေမယ့် အဓိက,က Zawgyi နဲ့ Unocode ဘာကွာလဲ၊ အားသာချက် အားနည်းချက် စတာတွေအကြောင်း အဓိက ပြောချင်တာပါ။ အဲဒါတွေ မပြောခင် computer မှာ အချက်အလက်တွေကို ဘယ်လိုမှတ်သားသလဲ၊ font ဆိုတာ ဘာလဲ ဒါတွေကို အခြေခံအနေနဲ့ အရင်ပြောချင်ပါတယ်။

အဲဒီချက်တွေအကြောင်း မပြောခင် ကျွန်တော်က ဘာကောင်မှ မဟုတ်ပါဘူး။ Zawgyi အားပေးသူ မဟုတ်သလို၊ Unicode သမားလည်း မဟုတ်ရပါဘူး။ အဆင့်မြင့် computer ပညာရှင်တစ်ယောက်လည်း မဟုတ်တဲ့အတွက် ကျွန်တော် ရေးတာ သားတာတွေကို သာမန် ဗဟုသုတလောက်ဘဲ သဘောထားကြပါရန် ကြိုတင်တောင်းပန်ထားပါရစေ။ မှားနေတာ တွေ့ရင်လည်း မေတ္တာရှေ့ထားပြီး တည့်မတ် ဆုံးမတော်မူကြပါကုန်။

Computer မှာ အချက်အလက် မှန်သမျှကို one (1) နဲ့ zero (0) တွေအဖြစ် မှတ်သားပါတယ်။ အဲဒီ one (1) သို့မဟုတ် zero (0) အချက်ပြတစ်ခုကို bit လို့ ခေါ်ပါတယ်။ အဲဒီ one (1) သို့မဟုတ် zero (0) အတွဲ 8 ခုကိုတော့ Byte လို့ ခေါ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် စာတစ်လုံးဟာ မှတ်ဉာဏ်နေရာ 1 Byte ယူပါတယ်။ ဥပမာ အင်္ဂလိပ် အက္ခရာ A ကို computer မှာ 01000001 လို့ မှတ်သားပါတယ်။ အင်္ဂလိပ် အက္ခရာ Z ကိုတော့ 01011010 လို့ မှတ်သားပါတယ်။

အဲဒီ zero (0) တွေ one (1) တွေကို တကယ်တန်း ဖတ်ရှုမှတ်သားဖို့ မလွယ်ကူပါဘူး။ ဒီတော့ အဲဒီ (binary number) နှစ်လီစိတ်ကိန်းတွေကို လူနားလည်လွယ်တဲ့ (decimal number) ဆယ်လီစိတ်ကိန်းအဖြစ် ပြောင်းလဲ အသုံးပြုပါတယ်။ ဆိုတော့ အင်္ဂလိပ် အက္ခရာ A ရဲ့ code ကို 65 လို့ သတ်မှတ်ပြီး အင်္ဂလိပ် အက္ခရာ Z ကိုတော့ 90 လို့ သတ်မှတ်ပါတယ်။ တကယ်လို့ စမ်းကြည့်ချင်ရင် Microsoft Office Word မှာ Alt + 0065 လို့ ရိုက်ကြည့်ပါ။ အင်္ဂလိပ် အက္ခရာ A ကို တွေ့ရပါလိမ့်မယ်။

အဲဒီလို သတ်မှတ်ထားတဲ့ Charactor Code စနစ်ကို ASCII (American National Standard Code for Information Interchange) လို့ ခေါ်ပါတယ်။ မူလ ASCII သတ်မှတ်ချက်ဟာ 0 ကနေ 127 အထိသာ ရှိပါတယ်။ ဒါက အင်္ဂလိပ်ဘာသာစကားအတွက် အဆင်ပြေပေမယ့် ကျန် ဥရောပ ဘာသာစကားများပါ အဆင်ပြေစေဖို့ နောက်ပိုင်း 255 အထိ တိုးချဲ့ခဲ့ပါတယ်။ ဘာလို့ 255 အထိသာ တိုးချဲ့ထည့်သွင်းရသလဲဆိုရင် ASCII character တစ်လုံးဟာ မှတ်ဉာဏ် 1 byte သာ နေရာယူနိုင်လို့ပါ။ (1 Byte မှာ 256 လုံးအထိသာ မှတ်သားနိုင်ပါတယ်။) တကယ်လို့ Notepad မှာ A လို့ တစ်လုံးတည်း ရိုက်ထည့်ပြီး save မယ်ဆိုရင် အဲဒီ file ရဲ့ size ဟာ 1 Byte သာရှိတာ တွေ့ရပါလိမ့်မယ်။

Computer နဲ့ မြန်မာစာ ဆိုပြီး ဘာလို့ ဒါတွေ ပြောနေရလဲဆိုရင် computer မှာ မြန်မာစာ သုံးစွဲနိုင်ဖို့ စတင်ကြိုးပမ်းကြစဉ်အခါက အခက်အခဲနဲ့ အခြေအနေကို နားလည်နိုင်ကြစေချင်လို့ပါ။ ဒါမှလည်း နောက်ပိုင်း ပြဿနာတွေကို ပိုပြီး နားလည်နိုင်မယ် ယူဆမိပါတယ်။

Computer မှာ မြန်မာစာကို စ,သုံးမယ်ဆိုတော့ မြန်မာဘာသာစကားအတွက် character code သီးသန့် မရှိပါဘူး။ ဒီတော့ ရှိပြီးဖြစ်တဲ့ ASCII code တွေကို မြန်မာစာအတွက် အသုံးပြုရပါတယ်။ Monitor screen ပေါ်မှာ မြန်မာအက္ခရာနဲ့ မြင်ရဖို့၊ Printer နဲ့ မြန်မာအက္ခရာကို အဆင်ပြေပြေ ရိုက်ထုတ်နိုင်ဖို့ အတော်ကြီး ကြိုးစားခဲ့ရတာပါ။ အခြားဘာသာစကားတွေထက် နေရာရွေ့ခြင်း၊ နေရာမရွေ့ခြင်း စတဲ့သဘာဝ (font kerning) အမျိုးမျိုးရှိတဲ့ စာလုံးတွေများပြားတဲ့ မြန်မာဘာသာအတွက် အစောပိုင်း font ရေးသူတွေမှာ အတော်ခက်ခဲခဲ့မှာပါ။

ဟုတ်ကဲ့ ကျွန်တော်တို့ ရွှေမြန်မာတွေက ယခုမှာသာ ငါက Zawgyi ကွ။ ငါက Unicode ကွ ဆိုပြီး ကွဲကြ ပြဲကြတာ မဟုတ်ရပါဘူး။ အဲဒီအချိန်ကလည်း မြန်မာအက္ခရာတွေကို အသံထွက်အတိုင်း စီစဉ်လိုသူတွေနဲ့ လက်နှိပ်စက် လက်ကွက်ကို အခြေခံပြီး စီစဉ်လိုသူတွေ ကွဲခဲ့ကြတာပါဘဲ။ နောက်ပိုင်းမှာတော့ လက်နှိပ်စက်လက်ကွက်ကို အခြေခံတဲ့ M-Myanmar, Win, Metrix, Academy စတဲ့ မြန်မာ font တွေ ခေတ်စားလာပြီး အသံထွက်ကို အခြေခံတဲ့ Ava စတဲ့ font တွေ မှေးမှိန်သွားခဲ့ပါတယ်။ Apple Macintosh သုံးခဲ့ဘူးသူတွေ မှတ်မိကြဦးမယ် ထင်ပါတယ်။

ဗဟုသုတအဖြစ် ပြောရရင် အဲဒီ Ava font ကို SOAS မှ မြန်မာစာ ပါမောက္ခ Mr. John Okell က 1989-1990 ဝန်းကျင်လောက်မှာ ရေးခဲ့တာပါ။ သူ့ကို ဂျွန်အုတ်ခဲ လို့ ရည်ညွှန်းပြီး ဟာသလုပ်ရေးထားတဲ့ စာတစ်ပုဒ် ငယ်ငယ်က ဖတ်ဘူးပေမယ့် ရေးသူကို တိတိကျကျ မမှတ်မိတော့ပါ။ ဆရာကြီး မင်းသုဝဏ် ဖြစ်မယ် ထင်မိပါတယ်။

လက်နှိပ်စက် လက်ကွက်ကို အခြေခံတဲ့ font တွေကတော့ တစ်ခုနဲ့ တစ်ခု တကယ်တူခဲ့ပါသလား။ မတူပါဘူး ခင်ဗျာ။ အထူးသဖြင့် M-Myanmar ဟာ ကျန် Win, Metrix, Academy တွေနဲ့ အဓိက ဗျည်းတွေကလွဲလို့ အတော်များများ ကွဲလွဲပါတယ်။ ဥပမာ M-Myanmar မှာ character code 0171 ဟာ - ဇ္ဈ - ဖြစ်ပါတယ်။ -Win---Innwa မှာတော့ square bracket - [ - ဖြစ်ပါတယ်။ Win အုပ်စု၊ Metrix အုပ်စု စသဖြင့် အုပ်စုလိုက် တွဲခေါ်ပေမယ့် Win အုပ်စုအတွင်းမှာ၊ Metrix အုပ်စုအတွင်းမှာလည်း လုံးဝတော့ identical မဖြစ်ပါဘူး။

အမှန်တော့ ASCII font တွေမှာ လက်ကွက်တူညီအောင် ညှိဖို့ နည်းပညာအရ အခက်အခဲ မရှိပါဘူး။ ကျွန်တော်တို့ မြန်မာတွေရဲ့ သူတစ်လူ ငါတစ်မင်း စိတ်ဓာတ်လို့ ပြောရမလား မသိ။ လက်ကွက်ပုံစံတွေ အမျိုးမျိုး ကွဲပြား မှတ်သားခဲ့ကြရပါတယ်။ နမူနာအဖြစ် လေ့လာလို့ရအောင် ​အောက်​မှာ မြန်​မာလက်​ကွက်​ပုံစံ​တွေ ပြထားပါတယ်​။

ဘာဘဲဖြစ်ဖြစ် အဲဒီအချိန်က အရေးတကြီး လိုအပ်နေတဲ့ မြန်မာ font တွေ ရေးခဲ့ ကြိုးစားခဲ့လို့သာ မြန်မာစာကို computer မှာ သုံးလို့ရခဲ့တာဆိုတော့ သူတို့ကျေးဇူးကို မေ့ထားလို့တော့ မရပါဘူး။

ဒီအပိုင်းကို ASCII font ဆိုတာ ဘာလဲ။ Unicode နဲ့ ဘာကွာခြားသလဲ ဆိုတာ နည်းနည်းရှင်းပြီး နိဂုံးချုပ်ပါမယ်။

အကြမ်းဖျင်း ပြောရရင် ASCII font ဆိုတာ monitor မှာ မြန်မာလို မြင်ရ၊ မြန်မာဘာသာနဲ့ print ထုတ်လို့ ရပေမယ့် computer က မြန်မာစာအဖြစ် သိမှတ်ခြင်း မရှိဘဲ graphical အရ လဲလှယ်ထားတဲ့ ရုပ်ပုံအရသာ မြန်မာစာဖြစ်နေပေမယ့် သက်ဆိုင်ရာ code တွေအရသာ သိနေတဲ့ မြန်မာစာလုံးပုံဖြစ်ပါတယ်။ ဒါကြောင့် ASCII font နဲ့ ရိုက်ထားတဲ့ မြန်မာစာပိုဒ်တွေကို Microsoft Office Word မှာ spelling & grammer error များအဖြစ် ဖော်ပြနေတာ ဖြစ်ပါတယ်။ နောက် Arial သို့မဟုတ် Courier စတဲ့ font တွေနဲ့ change လိုက်ရင် အင်္ဂလိပ်စာလုံးတွေအဖြစ် ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။

နောက် မူလ keyboard ရဲ့ character code တွေအတိုင်း သုံးထားတာဖြစ်လို့ Keyman, Keymagic စတဲ့ keyboard converter တွေ သုံးဖို့ မလိုအပ်ပါဘူး။

-

Zawgyi တို့ Unicode တို့နဲ့ ပတ်သက်ပြီး ဆက်ရေးပါဦးမယ်။

ယခု ဗဟုသုတအဖြစ် ASCII Table, Extended ASCII Table နဲ့ မြန်မာလက်ကွက်အချို့ကို ထည့်ပေးလိုက်ပါတယ်။







 M-Myanmar, Win---Innwa, Academy, CE-Classic စတာ​တွေ ပါဝင်​တဲ့  Myanmar Keyboard Layout ကို high resolution နဲ့ လိုချင်​ရင်​​တော့ ​အောက်​ပါ link မှာ down ယူနိုင်​ပါတယ်​။


မူရင်း => 

Post a Comment

0 Comments